နှစ်တွေတော့ တော်တော်ကြာခဲ့ပြီ.. ဒါပင်မဲ့ သူငယ်ချင်းများကို သတိရသောစိတ်နှင့် ကာယခွန်အား၊ ဝိညာဉ်ခွန်အားကို နေ့စဉ်နှင့်အမျှ ရရှိခဲ့သောဘဝနေ့ရက်များကို ယနေ့တိုင် နှလုံးသားထဲတွင် အမှတ်တရရှိနေဆဲ.......
×××ဖြောက်...ဖြောက်... ဖြောက်...ဖြောက်... စက္ကန့်သုံးဆယ်ခန့်ကြာသော လက်ခုပ်သံက နားထဲရောက်လာသောကြောင့် နံနက်ပိုင်းရဲ့ချမ်းအေးသော ရာသီဥတုနှင့်အတူ ကျွန်တော့်သဘာဝပျင်းပြီး အိပ်ရာထဲတွင် အီလေးဆဲတတ်သော အကျင့်တို့ကို အန်တုရင်း နိုးထခဲ့ရပြီ။ တိတ်ဆိတ်ငြိမ်သက်မှုကို ပြိုခွင်းလိုက်ကြသော ကျွန်တော်တို့ကျောင်းသားများ အိပ်ရာနှိုးထမှုမှာ ကျွန်တော်တို့နေထိုင်ရာ ကျောင်းတော်ကြီး ကို သက်ဝင်လှုပ်ရှားစေခဲ့ပြီ။ မျက်နှာသစ်သူကသစ်၊ သွားတိုက်သူကသွားတိုက်၊ ရေချိုးသူကရေချိုး၊ အဝတ်လှဲသူကလှဲ နှင့် ဝတ်ပြုခန်းလေးထဲသို့သွားသူကသွားနေချိန်များမှာတော့ ဒိန်း...ဒေါင်... ဒိန်း...ဒေါင်... ဒိန်း...ဒေါင်... နှင့်ဘုရားကျောင်းခေါင်လောင်းသံမှာ ကြားသူရင်ထဲတွင် အေးချမ်းမှုကိုခံစားရသော်လည်း ကျွန်တော့်မှာ သာယာငြိမ်းအေးမှုကို မခံစားရဘဲ နောက်ကျရင် ကျွန်တော်တို့ကို ထိန်းသော အကြီးအကဲ ဆူဆဲမည်ကိုသာ ကြောက်နေမိသည်။ ဒါပင်မဲ့လည်း နောက်ကျနေကျ အကျင့်ဖြစ်နေသော ကျွန်တော်မှာ အခြားသောသူများ နံနက်မေတ္တာဆိုပြီးခါနီးမှသာ ရောက်ရှိသွားခဲ့သည်။
နေ့တစ်နေ့ကို မင်္ဂလာရှိလှစွာသော ဝိညာဉ်ခွန်အားကို ဝတ်ပြုကိုးကွယ်ခြင်းဖြင့် စတင်ရရှိခဲ့ကြပြီး ထမင်းစားခန်းမသို့ သွားကာ နေ့တစ်နေ့တာ ရုန်းကန်လှုပ်ရှားရန် အတွက် လိုအပ်သောခွန်အားများ ရရှိဖို့ရာ မိန်ရည်ရှက်ရည် အတူတကွ စားသုံးကြသည်။ ထမင်းစားချိန်မှာတော့ ပန်ကန်သံ၊ ခွက်သံများကို ကြားရပြီး ထမင်းစားမေတ္တာ ဆိုပြီးသွားတာ နှင့်အမျှ စကားသံများနှင့် ကျောင်းတော်ကြီးမှာ စည်ကားလှပါတယ်။ ဒါပင်မဲ့လည်း ကျွန်တော်တို့ရဲ့ သမိုင်းပေးတာဝန်လည်းဖြစ် အနာဂတ်ရည်မှန်းချက်လည်းဖြစ်တဲ့ ပညာရည်နို့သောက်စို့ဖို့ရာ စာသင်ကျောင်းကြီးကို သွားရောက်ခဲ့ကြသည်။
စာသင်ကျောင်းရောက် သောအခါ ညီရင်းအစ်ကိုပမာ နေထိုင်ကြသော ကျွန်တော်တို့နေထိုင်ရာ ကျောင်းတော်ကြီးမှ သူများအားလုံးကို အဆင့်အတန်းအမျိုးမျိုး ခွဲခြားထားသော အတန်းအသီးသီးတို့ကို ပို့ဆောင်ခဲ့သည်။ တစ်နေတာလုံး မမောနိုင်မပန်းနိုင်ဘဲ ပျော်ရွှင်စွာဖြင့် ပညာရည်များကို မြိန်ရည်ရှက်ရည် သောက်သုံးခဲ့ကြခဲ့ပြီး နေထိုင်ရာကျောင်းတော်ကြီးသို့ မြူတူးစွာပြန်ကြသည်။
နေထိုင်ရာကျောင်းတော်ကြီးသို့ ရောက်ရှိသောအခါ ခေါင်းဆောင်များက ခွဲထားပေးသော ကျောင်းတော် သန့်ရှင်းရေး တာဝန်များကို ကျရာနေရာမှ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ ကြသည်။ ကျောင်တော်ကြီးကို သန့်ရှင်းပြီးနောက် ကိုယ်ခန္တာ ကို ဖျတ်လတ်တ်ကြွဖို့ရာ ဘောလုံးကွင်းသို့ပြေးသူကပြေး၊ ဘောလီဘောပုတ်သူကပုတ်၊ စားပွဲတင်တင်းနစ်ကစားသူက ကစား၊ ခြင်းလုံးခတ်သူကခတ်ဖြင့် ကျွန်တော်တို့၏ ပုံရိပ်များမှာ ကျောင်းတော်ကြီးကို မြင်ရသူတိုင်းစိတ်အမောများ ပြေပျောက်သွားပေသည်။
တစ်နေလုံးပင်ပန်းသမျှကို လန်းဆန်းသွားစေသော သဘာဝရေများရဲ့ အထိအတွေ့ကြောင့်လား ကစားထားတဲ့ အတွက်ကြောင့်လား၊ ကျွန်တော်တို့ရဲ့ သမုဒ္ဒရာဝမ်းတစ်ထွာကြောင့်လား တော့ မသိ ဆာလောင်မှုကိုသာ သိသော ကျွန်တော် အဖို့ ကျောင်းတော်ရဲ့ ထမင်းစားခန်းကို ရေချိုးပြီးပြီးချင်း ရောက်ရှိခဲ့သည်။ ထမင်းစားမေတ္တာ ဆိုပြီးပြီဆိုတာနဲ့ ကျွန်တော့်လက်က ပန်းကန်ကို ဆွဲ၊ ထမင်းကို ထည့်ပြီး သူငယ်ချင်းများအတွက်ကို မစဉ်းစား မကြည့်နိုင်တော့ဘဲ ပန်းကန်နှင့်မျက်နှာအပ်ကာ လက်မှမချနိုင်ဖြစ်ခဲ့ရသည်။
ခန္တာခွန်အား ဖြည့်စည်းပြီးသွားသောအခါ ဝိညာဉ်ခွန်အားများဖြည့်စည်းဖို့ရာ ဝတ်ပြုခန်းထဲတွင် တခြားသော သူငယ်ချင်းများ စိတ်ပုတီးစိတ် မေတ္တာဆိုနေချိန်မှာတော့ ကျွန်တော်က အိမ်မက် ကောင်းကြီးထဲမှာ မယ်တော်(မာရိယာ = ဘုရား၏အမေ)နဲ့ တွေ့နေခဲ့သည်။ ဒီလိုနဲ့တစ်နေ့တာရဲ့ သောက်သုံးခဲ့သော ပညာနို့ရည်များကို စမြုပ်ပြန်ဖို့အချိန်ရောက်ရှိခဲ့ချိန်မှာလည်း ကျွန်တော်ထုံးစံ အရ အိမ်မက်ထဲမှာ ကျက်မှတ်နေခဲ့သည်။ အဲ့ဒီလိုကျက်မှတ်ခဲ့သောကြောင့် ဆရာ၊ ဆရာမများ အကြီးအကဲများ၏ ဆိုဆုံးမမှုကို ခံယူခဲ့ရသည်လည်း ကျွန်တော်၏ စာသင်သားဘဝ သက်တမ်းတစ်လျှောက်ဖြစ်ခဲ့သည်။
တစ်နေ့တာလုံးကို အကျိုးရှိစွာ အသုံးချသူကချ၊ အကျိုးမဲ့စွာ ဖြုန်းတဲ့သူကဖြုန်း ဖြင့် နေ့တစ်နေ့၏ နောက်ဆုံးအချိန် ဖြစ်သော ညမေတ္တာဆို တရားထိုင်ပြီး ဆင်ခြင်သုံးသပ်ချိန်မှာတော့ သူငယ်ချင်းသူကောင်းများကို နှောက်ယှက်ခဲ့သောကျွန်တော် ဒီအချိန်မှာတော့ မျက်လုံးကြီးပြူးလို့ပေါ့...
ဒီလိုနဲ့ နေ့တစ်နေ့တာကို နိဂုံးချုပ် ကာလာကာချကာ အိပ်ရာထဲသို့ရောက်ရှိခဲ့သည်။
မှတ်ချက်။ ။ ရှည်လွန်းရင် ဖတ်ဖို့ပျင်းတဲ့ သူငယ်ချင်းများအဖို့ တတ်နိုင်သမျှ အတိုချုံးပြီး ရေးသားထားသော ကြောင့် ယေဘူယျ အကြောင်းအရာကို ဖော်ထားခြင်းဖြစ်ပါသည်။ ဒါလေးနဲ့ဘဲ သူငယ်ချင်းများကို သတိရကြောင်း ရင်ထဲမှာ ရှိကြောင်းဖော်ပြထားခြင်း ဖြစ်ပါတယ်...
ကျွန်တော်နဲ့ မရင်းနှီးသောသူများကတော့ ဒီလူဘာအကြောင်းကို ရေးတာလဲ ဖြစ်ကောင်းဖြစ်ပေမဲ့
ကျွန်တော်နဲ့ ရင်းနှီးသောသူများကတော့ အတိတ်ရဲ့ စာမျက်နှာကို သတိရဖို့နဲ့ သူငယ်ချင်းများကို မမေ့ပါနဲ့ လို့ ဒါလေးနဲ့ ပြောလိုက်ပါရစေ.....................